Skip to content
ZOTUNG TUBENEWS

COVID-19 နှင့် ပတ်သက်၍ တားမြစ်စည်းကမ်းများနှင့်မညီဘဲ ဗိုလ်တထောင်ဆိပ်ကမ်းတွင် ဘာသာရေးအခမ်းအနား ကျင်းပခဲ့မှုအပေါ် တရားဟောဆရာ ဒေးဗစ်လား အရေးယူခံနေရမှုဖြစ်စဉ်နှင့် နှိုင်းယှဉ်ဝေဖန်ခံနေရ

Spread the love

COVID-19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက တားမြစ်ထားသည့် စည်းကမ်းချက်များနှင့်မညီဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော် ရေချပူဇော်ပွဲ အခမ်းအနားကို မေ ၂၄ ရက်တွင် ဗိုလ်တထောင်ဆိပ်ကမ်း၌ ကန့်သတ်လူဦးရေထက် ကျော်လွန် ကျင်းပခဲ့မှုအပေါ် ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လား အရေးယူခံနေရမှုဖြစ်စဉ်နှင့် နှိုင်းယှဉ် ဝေဖန်မှုများ ရှိနေသည်။

ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော် ရေချပူဇော်ပွဲ အခမ်းအနားကို မေ ၂၄  ရက် နံနက် ၇ နာရီတွင် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဆိပ်ကမ်း၌ ကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၎င်း၏ Facebook စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များက မြတ်စွာဘုရား အမှူးထား၍ ရဟန္တာကိုယ်တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွေးနံ့သာများ ဆက်ကပ် လှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ နတ်ဒေဝါများနှင့် အစောင့်အရှောက်အပေါင်းအား ဗလိနတ်စာ လှူဒါန်းခြင်း၊ ဆုတောင်းမေတ္တာ ပို့သခြင်း၊ ကုသိုလ်အပေါင်းအား အမျှဝေခြင်းများကို ဆောင်ရွက်ခဲ့ပြီးနောက် ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော် အား ပင်လယ်ပြင်သို့ ပင့်ဆောင်ပြီး ဖော်တော်အား ရေချပူဇော်ခဲ့သည်။

အဆိုပါ ရှင်ဥပဂုတ္တမထေရ်မြတ်ဖော်တော်အား ရေချပူဇော်သည့် Yangon Region Government Page ၏ သတင်းထုတ်ပြန်ချက်အောက်၌ Toetint Aung အကောင့်ပိုင်ရှင်က “ဒေးဗစ်လားကြ တရားစွဲပြီး တိုင်းအစိုးရအဖွဲ့ကြီးက ဒါမျိုးထလုပ်တော့ ကိုယ်တိုင် hypocrite တွေပါလို့ လူသိရှင်ကြား ကြေညာလိုက်သလို ဖြစ်သွားမယ် ဆိုတာရော မတွေးမိဘူးလား” ဟု ဝေဖန်ထားသည်။

ထို့ပြင် Khin Hnin Kyi Thar အကောင့်ပိုင်ရှင်က ရေးသားထားရာတွင် “ ငါပြောသလိုလုပ် ငါလုပ်သလို လိုက်မလုပ်ကြနဲ့ ”ဟု ရေးသားထားပြီး၊ Rose အကောင့်ပိုင်ရှင်က ရေးသားထားရာတွင်လည်း “ ဒေးဗစ်လား ထောက်ခံသူ မဟုတ်ပါ။ ယခုသတင်းသာ မှန်
ကန်ပါက ရန်ကုန်တိုင်းအစိုးရ လုပ်ရပ်အား ရှုတ်ချပါသည်။ ငါဝန်ကြီး ဥပဒေထုတ်ထားတာတွေ လိုက်နာစရာမလိုဘူးဆိုတဲ့ အဓိပ္ပာယ်လား” ဟု ရေးသားထားသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် ကန့်သတ်ချက်အရ လူ ငါးဦးထက် ပိုမိုစုဝေးခြင်း မပြုရန်၊ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ မပြုလုပ်ရန်၊ ပွဲလမ်းသဘင်များ မပြုလုပ်ရန် ညွှန်ကြားခဲ့ပြီး အဆိုပါ ညွှန်ကြားချက်အပေါ် တိုင်းနှင့် ပြည်နယ်

အစိုးရအဖွဲ့များက ထပ်ဆင့်ညွှန်ကြားမှု ပြုခဲ့သလို သတ်မှတ်စည်းကမ်းများ ဖောက်ဖျက်သူများအပေါ် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူအများအပြား အရေးယူခံခဲ့ရသည်။

ထိုသို့ အရေးယူမှုများအနက် ဓမ္မတေး သီဆိုဆုတောင်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားခံရသဖြင့် ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားမှာ အင်းစိန်ထောင်အတွင်းမှ တရားရင်ဆိုင်နေရသည်။

ထို့အတူ မန္တလေးမြို့တွင်လည်း နေအိမ်အတွင်း ဝတ်ပြုဆုတောင်းခဲ့သူ ၁၄ ဦးအနက် လူကြီး ၁၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) ဖြင့် ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ပြီး အသက် ၁၆ နှစ်အောက် ကလေးငယ်နှစ်ဦးကို ခံဝန်ဖြင့် မိဘထံ ပြန်လည်အပ်နှံခဲ့မှု ဖြစ်ပွားခဲ့သည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင်လည်း ဒေသန္တရအမိန့် ချိုးဖောက်ကာ လူစုလူဝေးဖြင့် မင်္ဂလာအခမ်းအနား ကျင်းပခဲ့သူ သတို့သား ကိုထန်လင်းရှိန်ကို ငွေဒဏ် ကျပ် ၁၀ သိန်း သို့မဟုတ် ထောင်ဒဏ် ခြောက်လ ကျခံစေရန် အမိန့်ချ၍ ၎င်းက ဒဏ်ငွေပေးဆောင်ကာ ၎င်း၏ ဖခင်ဖြစ်သူကိုလည်း အလားတူပြစ်ဒဏ် ချမှတ်ခဲ့သည်။

အစိုးရတစ်ရပ်အနေဖြင့် ကိုယ်တိုင်ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက်၊ ဥပဒေများကို လေးစားလိုက်နာမှု မရှိပါက ဒီမိုကရေစီစံနှုန်းဖြင့် မညီကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလဲ ထုတ်ပြန်ထားတယ်လေ။ ဦးတို့ ပြည်သူ့ရှေ့ဆောင်ပါတီက ရန်ကုန်တိုင်းအလျောက် အခမ်းအနားတွေ ဘာတွေ မလုပ်ရဆိုတဲ့ အမိန့်မထွက်ခင် ဆိုင်းဘုတ်တင်ပွဲတို့ ရုံးခန်းဖွင့်ပွဲတို့ ကျပြီးသား နှစ်မြို့နယ် သုံးမြို့နယ်လောက် ရှိတယ်။ အဲ့ဒါတောင်မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လောလောဆယ် တင်မယ်ဆိုရင်တော့ လူစုလူဝေး မလုပ်ဘဲနဲ့ ၅ ယောက်ထက် မပိုတဲ့လူနဲ့ပဲ ဆိုင်းပုတ်တင်တာ လုပ်ပါဆိုပြီး ပြောတယ် အဲ့ဒါကြောင့်မို့ မလုပ်တော့ဘူး ဘာမှမဟုတ်တာနဲ့ ဥပဒေနဲ့ညှိနေရင် ပါတီကလည် တည်ထောင်ခါစ ဆိုတော့ မကောင်းဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။ လူထုနဲ့ တွေ့ဆုံပွဲတွေ ရပ်နားထားရတယ်။ ဒီလိုအနေအထားမျိုးမှာ အခမ်းအနားကြီးကို ဗိုလ်တစ်ထောင်မှာ လုပ်တယ်ဆိုတော့ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ သဘောမျိုး အမိန့်ထုတ်ရမယ့်ပုံ ပေါ်နေပြီ ။ ရန်ကုန်တိုင်း ဥပဒေချုပ်ပါ ပါနေတာ တော်တော်လွဲနေပြီ၊ ဥပဒေနဲ့ မညီဘူးဆိုတာကို ဝန်ကြီးချုပ်ကို အကြံဉာဏ်ပေးရမှာ၊ ဒါကို ဥပဒေချုပ်ကိုယ်တိုင် ပါလာတော့ သိပ်မကောင်းဘူး” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများက လူစုလူဝေး ပြုလုပ်မှုများနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုများ ရှိနေချိန်တွင် ရန်ကုန်တိုင်းအစိုးရမှ ရှင်ဥပဂုတ္တဖောင်တော် ရေချပူဇော်ပွဲ ပြုလုပ်သည့်အခမ်းအနားသည် မသင့်လျော်ကြောင်း မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

“ရှင်းရှင်းပြောရရင် မလုပ်သင့်ဘူး။ လူစုလူဝေး မဖြစ်ရဘူးလို့ ပြည်ထောင်စုအဆင့်က တားမြစ်ထားတယ်။ တိုင်းဒေသကြီးအစိုးရကလဲ တားမြစ်ထားတယ်။ အခုလူစုလူဝေး ဖြစ်သွားတာတော့ မဖြစ်သင့်ဘူး။ တစ်နိုင်ငံလုံးမှာ လူစုလူဝေးတွေကို အရေးယူတာနဲ့ ပတ်သက်ပြီး သတင်းတွေ ဖတ်နေရတယ်” ဟု ဦးရန်ရှင်းက ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူအချို့ကို မေးမြန်းထားပြီး ပြန်လည်ဖြေကြားပါက ဖော်ပြပေးသွားမည် ဖြစ်သည်။

“ညွှန်ကြားချက်တွေမှာ ပါတယ်။ တာဝန်ရှိသူတွေက တာဝန်နဲ့ လုပ်တဲ့ဟာတွေဆိုရင် လုပ်လို့ရတယ်။ သေချာတော့ မပြောတတ်ဘူး” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

Credit – Eleven Media

Facebook Comments Box

Spread the love

Leave a comment

Your email address will not be published. Required fields are marked *